နိုင်ငံရေး၊ လူမှုရေးလုပ်နေတဲ့ကဗျာဆရာ ခက်မာ

by    /  September 6, 2012  / 2 Comments

Nyein Thit

Nyein Thit. Photo provided by the author.

ကျမမိသားစုနဲ့ခွဲပြီးခရီးထွက်ရတဲ့အခါ သား ၂ယောက်ကသူတို့အဖေနဲ့အတူအိမ်မှာကျန်ခဲ့မှန်းသိပေမယ့် ဖြစ်နိုင်ခြေရှိတာတွေအများကြီးကိုတွေးပြီးစိတ်ပူရပါတယ်။ အဲဒီလိုအခါမျိုးမှာ ကျမသူငယ်ချင်းကိုငြိမ်းသစ်နဲ့ သူ့သားသမီးတွေအကြောင်း တွေးပြီးစိတ်ဖြေရတတ်ပါတယ်။

ကိုငြိမ်းသစ်က ကဗျာဆရာပါ။ ဒါပေမယ့်သူဖြတ်သန်းခဲ့ရတဲ့ခေတ်ကသူ့ကိုနိုင်ငံရေးသမားဖြစ်စေခဲ့ပါတယ်။ သူတက္ကသိုလ်ကျောင်းသားဘ၀မှာ မှိုင်းရာပြည့်အရေး အခင်းမှာပါဝင်ပတ်သက်ခဲ့မှုနဲ့ထောင် ၂နှစ်ကျခဲ့ပါတယ်။ ၁၉၈၈ အရေးတော်ပုံကြီးကြပြန်တော့လည်း ကဗျာဆရာပြည်သူတဦးအနေနဲ့ ပူးပေါင်းပါဝင်ခဲ့ပြန်ပါတယ်။ ၁၉၈၈ နောက်ပိုင်း မြန်မာပြည်သူလူထုကြားမှာ နိုင်ငံရေးအသိစိတ်တွေနိုးကြားနေစဉ်ကာလမှာ ကိုငြိမ်းသစ်က ကဗျာဆရာအယ်ဒီတာအဖြစ်ရပ်တည်ခဲ့ပါတယ်။ သူထမ်းဆောင်ရတဲ့တာဝန်တွေက အယ်ဒီတာ တာဝန်တွေပေ မယ့် နိုင်ငံရေးမှုနဲ့ထောင်ကျခဲ့ဖူးတဲ့ကိုငြိမ်းသစ်ဟာ မြန်မာနိုင်ငံရဲ့စာပေစိစစ်ရေးလက်အောက်မှာ တရားဝင် အယ်ဒီတာနံမည်ခံခွင့်မရှိခဲ့ပါဘူး။

၁၉၉၀ ကာလတွေအတွင်းမှာတော့ ကိုငြိမ်းသစ်က MV Media ဆိုတဲ့ကုမ္ပဏီတခုမှာ ဗီဒီယိုမှတ်တမ်းတင်သူ အဖြစ်အလုပ်လုပ်ပါတယ်။ အဲဒီကုမ္ပဏီမှာ အလုပ်လုပ်နေစဉ်အတွင်း ပြည်တွင်းကသတင်းတွေ သတင်းဆောင်း ပါးတွေကို ပြည်ပမှာထုတ်ဝေတဲ့ စာနယ်ဇင်းနဲ့ဂျာနယ်တွေကိုပေးပို့ခဲ့ပါတယ်။ မြန်မာပြည် သူတွေရဲ့နေ့စဉ်ဘ၀ တွေအပါအ၀င် အဓမ္မလုပ်အားပေးခိုင်းစေမှုတွေ၊ ရဲဖက်စခန်းကိုအပို့ခံရတဲ့နိုင်ငံရေးအကျဉ်းသားတွေအကြောင်းကိုမှတ်တမ်းရုပ်ရှင်ရိုက်ပြီး
ပြည်ပသတင်းဌာနတွေကိုပေးပို့နိုင်ခဲ့ပါတယ်။ အဲဒီဆောင်ရွက်မှုတွေကြောင့် သူဟာ ၁၉၉၉ ခုနှစ်မှာထောင်ဒါဏ် ၈နှစ်အပြစ်ပေးခြင်းခံခဲ့ရပါတယ်။

ကိုငြိမ်းသစ်က မြန်မာနိုင်ငံအလယ်ပိုင်းကမြို့တော်မန္တလေးသားပါ။ သူထောင်ကျတော့ မြန်မာနိုင်ငံအောက်ပိုင်း မော်လမြိုင်ထောင်မှာနေရပါတယ်။ သူမော်လမြိုင်ထောင်မှာနေရစဉ် ၂၀၀၄ မှာ The Committee to Protect Journalists အဖွဲ့ကပေးအပ်တဲ့ International Press Freedom Award ရရှိခဲ့ပါတယ်။ အဲဒီကာလတွေမှာ ခရီး ဝေးကွာလွန်းလှတဲ့အတွက် သူ့မိသားစုကသူ့ကိုထောင်ဝင်စာမှန်မှန်လာမတွေ့နိုင်ခဲ့ပါဘူး။ သူတို့ရဲ့သားသမီး ၃ ယောက် ကိုကြွေးမွေးစောင့်ရှောက်ဖို့နဲ့ နှစ်ရှည်ထောင်ကျနေတဲ့ သူ့အတွက် လိုအပ်တာထောက်ပံ့ဖို့အတွက်နဲ့ တင်သူ့ဇနီးခမျာအတော်ရုန်းကန်နေရရှာပါတယ်။ ဒါပေမယ့် မိတ်ဆွေသူငယ်ချင်းတွေက၀ိုင်းဝန်းကူညီကြလို့ လက်ထဲမှာငွေစလေးနည်းနည်းရှိလာရင်တော့ သူ့ဇနီးက ကလေးတွေကိုသူတို့အဖေနဲ့တွေ့ရအောင် ခေါ်လာ တတ်ပါတယ်။

  1. Tea House
  2. မြန်မာနိုင်ငံမှာ အစိုးရကချုပ်ကိုင်ထားတဲ့သတင်းစာတွေမှာဖော်ပြလေ့မရှိတဲ့အကြောင်းအရာတွေကို ပြောဆို နားထောင်ချင်ရင် ကျမတို့တတွေ လဘက်ရည်ဆိုင်ကိုသွားကြပါတယ်။ လဘက်ရည်ဆိုင်တွေဟာ သူငယ်ချင်း စာရေးဆရာတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ တခြားသောအနုပညာရှင်တွေနဲ့
    တွေ့ဆုံစကားဝိုင်းဖွဲ့ရတဲ့ နေရာဖြစ်သလို မိတ်ဆွေသစ်တွေတွေ့ရတတ်တဲ့နေရာလည်းဖြစ်ပါတယ်။ ကျမတို့တတွေဟာ လဘက်ရည် ဆိုင်တွေထဲမှာ စာအကြောင်းပေအကြောင်း နိုင်ငံရေးအကြောင်းတွေပြောကြပါတယ်။ ဒီစာမျက်နှာကလေးမှာတော့ ကျမတို့ပျော်မွေ့ခဲ့ကြတဲ့ လဘက်ရည်ဆိုင်ကစကားဝိုင်းတွေ ကိုလွမ်းဆွတ်စွာနဲ့ အဲဒီတုန်းက ပြောဖြစ်ကြ တဲ့အကြောင်းအရာတွေထဲကတချို့ကို တင်ပြကြည့်ဖို့ကြိုးစားခဲ့ပါတယ်။
  3. ခက်မာဟာ မြန်မာနိုင်ငံက စာရေးဆရာ၊ သတင်းစာဆရာ၊ ကဗျာနဲ့အက်ဆေးရေးသူတဦးဖြစ်ပါတယ်။ “နှင်းရိုင်းကြွေတဲ့ည” အမည်ရှိ လုံးချင်းဝတ္တုတအုပ်နဲ့ ၀တ္တုတိုပေါင်းချုပ် ၃အုပ်၊ အက်ဆေးပေါင်းချုပ် ၁ အုပ်ေ၇းသားထုတ်ဝေခဲ့ပြီးဖြစ်ပါတယ်။ ခက်မာရဲ့ဝတ္တုတိုနဲ့ ကဗျာတချို့ကို အင်္ဂလိပ်ဘာသာ၊ ဂျပန်ဘာသာနဲ့ စပိန် ဘာသာပြန်ဆိုခြင်းခံခဲ့ရသလို ရေဒီယိုဇာတ်လမ်းများ၊ ဇာတ်လမ်းတိုရုပ်ရှင်များအဖြစ်အသုံးပြုခြင်းခံခဲ့ရပါတယ်။ ခက်မာဟာ ခိုလှုံရာဗိမာန် “City of Asylum/Pittsburgh” ရဲ့ ယာယီနေထိုင်ခွင့်ရစာရေးဆရာဟောင်းတဦးလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့လမ်းပန်းဆက်သွယ်ရေးညံ့ဖျင်းမှုကြောင့် မန္တလေးကနေမော်လမြိုင်ရောက်အောင် ၅ရက်လောက် အချိန်ကုန်ခံလာရပေမယ့် ထောင်ဝင်စာတွေ့ဖို့ ကန့်သတ်ထားတဲ့အချိန်က ၁၅ မိနစ်ပဲရှိပါတယ်။ အဖေဖြစ်သူကို တနှစ်နေမှ ၃ကြိမ်လောက်တွေ့ရတဲ့ကလေးတွေက ၁၅မိနစ်တွေ့ရချိန်ကလေးကိုအဖေနဲ့ တွေ့လို့မ၀ကြပါဘူး။ ဒီတော့ သူတို့က မော်လမြိုင်ထောင်အနားတောင်ကုန်းကလေးပေါ်မှာတည်ထားတဲ့ ကျိုက်သာလန်စေတီလေး ပေါ်တက်ပြီး စေတီပေါ်က လှမ်းမြင်ရတဲ့ထောင်ဖက်ဆီလှမ်းပြီး “အဖေ၊ အဖေ” လို့အော်ခေါ့်ကြရင်းအဖေနဲ့အတူ ရှိနေလိုစိတ်ကိုဖြေသိမ့်ခဲ့ကြပါတယ်။ ထောင်ဝင်စာတွေ့ရချိန်ကတည်းက
ပြောထားတာကြောင့် သူတို့အဖေ ကိုငြိမ်းသစ်ကလည်း ကလေးတွေရှိရာလှမ်းမျှော်စောင့်စားနေရတာပေါ့။ သူတို့တယောက်ကိုတယောက် အစက်အပျောက်
လေးတွေအဖြစ်ပဲ မြင်ရတာပါ။ ခပ်ပျပျမြင်ရတဲ့တောင်ကုန်းပေါ်က သားသမီးတွေရဲ့ခေါ်သံကို အဖေဖြစ်သူကိုငြိမ်းသစ်က ကြားပါသတဲ့။ ကျမကတော့ ကလေး
တွေခေါ်သံကိုအဖေဖြစ်သူက နားနဲ့ကြားတာ မဟုတ် ပဲ နှလုံးသားနဲ့ကြားခဲ့တာလို့ပဲထင်ပါ တယ်။ အဲဒီနှလုံးသားနဲ့ကြားတဲ့အသံလေးတွေကပဲ နောက်ဘယ်နှစ်လ ကြာမှပြန်တွေ့ရမယ်မှန်းမသိတဲ့သားသမီးတွေနဲ့ပြန်ဆုံချိန်ကိုစောင့်စားဖို့ အားဖြစ်ခဲ့ရတာဖြစ်ပါတယ်။ ၂၀၀၇ ဇန်န၀ါရီလမှာ ကိုငြိမ်းသစ်ထောင်ကလွတ်ပါတယ်။

အဲဒီလိုရင်နင့်ဖွယ်ဇာတ်လမ်းတွေကြောင့် ကိုငြိမ်းသစ်ကထောင်ကိုကြောက်မသွားပါဘူး။ ထောင်ကလွတ်တော့ လည်း နိုင်ငံရေးပြန်လုပ်တာပါပဲ။ သူထောင်က လွတ်ပြီး ၇လအကြာမှာဖြစ်ပွားခဲ့တဲ့၂၀၀၇ ရွှေဝါရောင်တော်လှန် ရေးအပြီးမှာတော့ဦးဆောင်တဲ့သံဃာတော်တွေနဲ့အတူပါဝင်လှုပ်ရှားခဲ့တဲ့ကိုငြိမ်းသစ်ကို ထပ်မံ ဖမ်းဆီးဖို့ထောက် လှမ်းရေးကအသည်းအသန်ရှာဖွေပါတော့တယ်။ ရှောင်ပုန်းနေတဲ့သူ့ကိုမတွေ့တဲ့အခါ အာဏာပိုင်တွေက သူ့ဇနီး ကိုဖမ်းဆီးခေါ်ဆောင်သွား ပါတော့တယ်။ အဖေကရှောင်ပုန်းနေရပြီး အမေကအထိမ်းသိမ်းခံနေရတဲ့ကာလမှာ ကိုငြိမ်းသစ်ရဲ့သားသမီး ၄ယောက်ဟာ အုပ်ထိမ်းသူမဲ့ဘ၀နဲ့သူတို့ဘာသာ ရပ်တည်ခဲ့ရတာပါ။

၂၀၁၀ ရွေးကောက်ပွဲအပြီးတက်လာတဲ့ အစိုးရသစ်ရဲ့မူဝါဒအကြောင်းအလဲကြောင့် ၂၀၁၀နောက်ပိုင်းကိုငြိမ်းသစ်ဟာ ပုန်းအောင်းနေရာကနေ ပေါ်ပေါ်ထင်ထင် ရပ်တည်လို့ရလာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင် တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင်ဖြစ်တဲ့ကိုငြိမ်းသစ်က NLD ပါတီရဲ့လုပ်ငန်းတွေ မှာပြန်လည်ဦး ဆောင်လှုပ်ရှားလာပါတယ်။ NLD ကထုတ်ဝေတဲ့ ဒီလှိုင်းစာစောင်ရဲ့အယ်ဒီတာအဖွဲ့ဝင်တာဝန်ကိုထမ်းဆောင် ရပါတယ်။ ကဗျာ၊ သီချင်း၊ ပန်းချီဆိုတဲ့အဖွဲ့လေးဖွဲ့ပြီး နာမကျန်းဖြစ်နေတဲ့အနုပညာလောကသားတွေကို ကူညီ စောင့်ရှောက်မှုတွေဆောင်ရွက်ခဲ့ပါတယ်။ မြန်မာစာရေးဆရာများသမဂ္ဂရဲ့ အတွင်းရေးမှုးအဖွဲ့ဝင်တာဝန်ကို ထမ်းဆောင်ပါတယ်။

တက္ကသိုလ်ကျောင်းသားဘ၀ထဲက လူ့အခွင့်အရေး၊ လွတ်လပ်စွာပြောဆိုရေးသားခွင့်ရရေး၊ ဒီမိုကရေစီရေးကို တစိုက်မတ်မတ်လုပ်ကိုင်လာတဲ့ကိုငြိမ်းသစ်နဲ့ ကျမဖုန်းမကြာခဏပြောရပါတယ်။ သူနဲ့ကျမဖုန်းပြောစဉ်တခါမှာ ကျမကမေးမိပါတယ်။

“ ကိုငြိမ်းသစ်လည်း ၁၉၇၆ ကတည်းကနိုင်ငံရေး၊ လူမှုရေးတွေလုပ်လာလိုက်တာတောက်လျှောက်ခုထိပါပဲ။ ခုလုပ်နေတာတွေကိုခနဖယ်ထားပြီး နောက်ထပ် ဘာလုပ်ချင်သလဲစဉ်းစားမိတာရှိသလား” ဆိုတော့ သူက ပြောပါတယ်။

“ ကျနော်လည်းထောင်ထဲဝင်လိုက်ထွက်လိုက်၊ ပြေးလွာပုန်းအောင်းလိုက်နဲ့ အသက်တွေကကြီးလာပြီ။ နောက်မကြာခင်နှစ်တွေအတွင်းမှာတော့ အခုလုပ်နေတဲ့
နိုင်ငံရေးတွေ၊ လူမှုရေးတွေကိုလျော့ပြီး ကျနော့်ဘ၀ အတွေ့အကြုံတွေ၊ ကဗျာတွေပဲအာရုံစိုက်ရေးချင်တော့တယ်။ စဉ်းစားထားသလိုလုပ်ဖြစ်မလားတော့မပြော တတ်သေးပါဘူး”

ကျမကတော့ ခေတ်ရဲ့လိုအပ်မှုကြောင့် နိုင်ငံရေးလူမှုရေးတွေလုပ်ခဲ့ရတဲ့ကဗျာဆရာကို နောက်ဆံကင်းကင်းနဲ့ သူရေးချင်တဲ့ကဗျာတွေပဲရေးစေချင်ပါတယ်။ သူလုပ်ချင်တာသူလုပ်ခွင့်ရဖို့ ဆုတောင်းပေးရုံပဲတတ်နိုင်တာကိုတော့ ကျမကိုယ်ကျမအားမရလှပါဘူး။

2 Comments on "နိုင်ငံရေး၊ လူမှုရေးလုပ်နေတဲ့ကဗျာဆရာ ခက်မာ"

  1. yamon win September 7, 2012 at 7:24 am ·

    I really really appreciate such a kind of people.

  2. Kyi Soe@Way Khaun September 7, 2012 at 2:04 pm ·

    AV Media ဟု ထင်မိပါသည်။
    (၁၉၉၀ ကာလတွေအတွင်းမှာတော့ ကိုငြိမ်းသစ်က MV Media ဆိုတဲ့ကုမ္ပဏီတခုမှာ…)

Leave a Comment

You must be logged in to post a comment.